News Detail

ဘော့စတွန် ဂလုပ်ဘ် သတင်းစာမှ စကော့တလန် ပရိသတ်များကို ကျေးဇူးတင်လွှာ ဖော်ပြ

The network connection is lost.

ဘော့စတွန်မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား အုပ်စု (C) ရဲ့ အဖွင့်နှစ်ပွဲမှာ စကော့တလန်အသင်း ပါဝင်ကစားခဲ့ပြီး ၂၈ နှစ်အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြန်လည်ယှဉ်ပြိုင်ခွင့်ရတဲ့ စကော့တလန်အသင်းကို အားပေးဖို့အတွက် ပရိသတ်ထောင်ပေါင်းများစွာ မြို့ထဲကို ရောက်ရှိလာကာ အားပါးတရ အောင်ပွဲခံခဲ့ကြပါတယ်။

'တာတန်အာမီ' (Tartan Army) လို့ လူသိများတဲ့ စကော့တလန်ပရိသတ်တွေဟာ ကီလ်တ် (Kilts) လို့ခေါ်တဲ့ ရိုးရာစကတ်ဝတ်စုံတွေကို ဝတ်ဆင်ကာ၊ အိတ်စွဲပလွေ (Bagpipes) တွေတီးခတ်ပြီး နယူးအင်္ဂလန်မြို့ရဲ့ ညဦးပိုင်းအချိန်တွေအထိ ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြတာကို တွေ့မြင်ခဲ့ရပါတယ်။

အဖွင့်ပွဲစဉ်မှာ ဟေတီအသင်းကို ၁ ဂိုး - ဂိုးမရှိနဲ့ နိုင်ခဲ့ပေမဲ့ မော်ရိုကိုအသင်းနဲ့ ပွဲမှာတော့ ၁ ဂိုး - ဂိုးမရှိနဲ့ ပြန်လည်ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီရှုံးနိမ့်မှုက ပရိသတ်တွေရဲ့ ပျော်ရွှင်မှုကို မတားဆီးနိုင်ခဲ့ဘဲ ပရိသတ်တွေဟာ ဘားတစ်ခုမှာရှိတဲ့ ဘီယာ ၂၄ မျိုးထဲက ၂၀ မျိုးလောက် ကုန်စင်အောင် သောက်သုံးခဲ့ကြတယ်လို့ သိရပါတယ်။

ငါးကြိမ်တိုင်တိုင် ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ထားတဲ့ ဘရာဇီးအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ် ကစားဖို့အတွက် မိုင်ယာမီမြို့ကို မထွက်ခွာမီ စကော့တလန်အသင်းက လူမှုကွန်ရက်ပေါ်မှာ ကျေးဇူးတင်စကား ရေးသားခဲ့ပါတယ်။ အဲဒီပို့စ်မှာ ရုပ်တုတစ်ခုပေါ်မှာ လမ်းဘေး အချက်ပြကွန်တော့ တင်ထားတဲ့ပုံ၊ လှေပေါ်က ပရိသတ်ပုံတွေနဲ့ Dawn the Duck အရုပ်လေးက အိတ်စွဲပလွေတီးသူတွေကို မြို့လမ်းမတွေပေါ်မှာ ဦးဆောင်လာတဲ့ ပုံတွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

"ခင်ဗျားတို့ဆီမှာ နေထိုင်ခဲ့တဲ့ အချိန်တစ်လျှောက်လုံး ကျွန်တော်တို့ကို နွေးထွေးစွာ ကြိုဆိုခဲ့ကြသလို အံ့ဩစရာကောင်းတဲ့ ဒီမြို့ကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်အောင်လည်း လုပ်ပေးခဲ့ကြပါတယ်။ ခင်ဗျားတို့ရဲ့ ရက်ရောမှုနဲ့ ဖော်ရွေတဲ့ ဧည့်ဝတ်ကျေပွန်မှုတွေအတွက် ကျေးဇူးအများကြီး တင်ပါတယ်" လို့ X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

ဒီအတွက် တုံ့ပြန်မှုကလည်း ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီး ဒေသတွင်းသတင်းစာဖြစ်တဲ့ 'ဘော့စတွန် ဂလုပ်ဘ်' က မြို့ရဲ့ အားကစားသမိုင်းကြောင်းတွေကို ဖော်ပြရင်း စကော့တလန် ပရိသတ်တွေအတွက် စာမျက်နှာအပြည့် ကျေးဇူးတင်လွှာတစ်စောင်ကို ဖော်ပြခဲ့ပါတယ်။

ဘော့စတွန်မြို့ဟာ အမေရိကန်ရဲ့ အထင်ကရ အားကစားကွင်းတွေ တည်ရှိရာမြို့ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ ကိုးကြိမ်ရရှိထားတဲ့ Boston Red Sox အသင်း ကစားရာ Fenway Park ကွင်းနဲ့ စူပါဘိုး (Super Bowl) ချန်ပီယံ New England Patriots အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ Gillette Stadium တို့ ရှိပါတယ်။ အဲဒီ Gillette Stadium ဟာ စကော့တလန်အသင်းရဲ့ ပွဲစဉ်နှစ်ပွဲကို လက်ခံကျင်းပခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဘော့စတွန်မြို့ဟာ စတန်လေဖလား (Stanley Cup) ခြောက်ကြိမ်ရရှိထားတဲ့ Boston Bruins အသင်းနဲ့ NBA ချန်ပီယံဆု ၁၈ ကြိမ်အထိ စံချိန်တင် ရရှိထားတဲ့ Boston Celtics အသင်းတို့ရဲ့ အမာခံမြို့လည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ကမ္ဘာ့ဖလားပွဲစဉ်တွေအတွက် စကော့တလန်အသင်းကို လက်ခံကျင်းပခွင့်ရတာဟာ မြို့အတွက် "ထူးခြားတဲ့ ခံစားမှု" တစ်ခု ပေးစွမ်းနိုင်ခဲ့တယ်လို့ သတင်းစာက ဝန်ခံထားပါတယ်။

"ခင်ဗျားတို့က ကမ္ဘာ့ဖလားအတွက် လာခဲ့တာဖြစ်ပေမဲ့ ကျွန်တော်တို့အတွက်တော့ ထူးခြားတဲ့ အရာတွေကို ပေးခဲ့ပါတယ်။ တစ်ပတ်တာအတွင်းမှာ ခင်ဗျားတို့ဟာ မီးရထားဘူတာရုံတွေကို သီချင်းဆိုသံတွေနဲ့ ပြည့်နှက်သွားစေခဲ့တယ်၊ Fenway Park ကွင်းကြီးကို ဘောလုံးကွင်းတစ်ခုဖြစ်အောင် ပြောင်းလဲပစ်ခဲ့တယ်၊ သာမန် ဇွန်လတစ်လကိုလည်း နောင်နှစ်ပေါင်းများစွာအထိ ပြောမဆုံးနိုင်တဲ့ အမှတ်တရတွေ ဖြစ်စေခဲ့ပါတယ်" လို့ သတင်းစာက ရေးသားခဲ့ပါတယ်။

"ဘော့စတွန်မြို့ဟာ ချန်ပီယံဆုတွေ၊ အောင်ပွဲခံလှည့်လည်ပွဲတွေနဲ့ အမျိုးမျိုးသော ပျော်ပွဲရွှင်ပွဲတွေကို လက်ခံကျင်းပခဲ့ဖူးပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့လို ဧည့်သည်မျိုးကိုတော့ တစ်ခါမှ မကြုံဖူးခဲ့ပါဘူး။ ရယ်မောသံတွေ၊ အိတ်စွဲပလွေသံတွေနဲ့ အမှတ်တရတွေအတွက် ကျေးဇူးတင်ပါတယ်" လို့လည်း ပါရှိပါတယ်။

"ကမ္ဘာ့ဖလားကတော့ ဆက်လက်ကျင်းပသွားမှာဖြစ်သလို သီချင်းသံတွေလည်း ပျောက်ကွယ်သွားပါလိမ့်မယ်၊ ဒါပေမဲ့ ခင်ဗျားတို့ ကျွန်တော်တို့မြို့ကို ယူဆောင်လာပေးခဲ့တဲ့ ပျော်ရွှင်မှုတွေကိုတော့ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး" လို့ ဖော်ပြရင်း နိဂုံးချုပ်ထားပါတယ်။