The network connection is lost.
ကမ္ဘာ့ဖလားခရီးစဉ်စတင်ချိန် စိတ်ပျက်စရာရလဒ်တွေကြောင့် ဝေဖန်စောင့်ကြည့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ တနင်္ဂနွေနေ့၊ ဆော်ဒီအာရေဗျအသင်းကို ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပြီးနောက် စပိန်အသင်းနည်းပြလူးဝစ်ဒီလာဖွန်တေက သူ့ရဲ့အသင်းအပေါ် သံသယရှိနေကြသူတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောကြားခဲ့ပါတယ်။
ကိတ်ဗာဒီနဲ့ဂိုးမရှိသရေကျခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အပြီး စပိန်အသင်းရဲ့ ဗိုလ်စွဲနိုင်ခြေအပေါ် သံသယတွေ ပေါ်ပေါက်ခဲ့ပေမဲ့ ပွဲထွက်လူစာရင်းဆီ လမိုင်းယာမယ်လ် ပြန်လည်ပါဝင်လာပြီးနောက် ခြေစွမ်းပြသနိုင်မှုနဲ့အတူ ပြိုင်ဘက်ဆော်ဒီကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့လို့ ယုံကြည်မှုတွေ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။
"ဒီအသင်းအပေါ် မေးခွန်းထုတ်နေကြတယ်ဆိုတာ တကယ်ကို ရူးကြောင်ကြောင်နိုင်လွန်းပါတယ်" လို့ ဒီလာဖွန်တေက ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့တွေ ၃၃ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်တင်ထားနိုင်ပါတယ်။ ပွဲကြီးပွဲကောင်းတွေ၊ စွမ်းဆောင်ရည်ပိုင်းသိပ်မကောင်းတဲ့ပွဲစဉ်တွေ၊ ပုံမှန်ပွဲစဉ်တွေ ရှိနိုင်ပေမဲ့ အနာဂတ်တောက်ပနေတဲ့၊ အလွန်ငယ်ရွယ်တဲ့ အခုလိုလူငယ်မျိုးဆက်သစ်တွေအပေါ် မေးခွန်းထုတ်၊ သံသယဝင်နေကြတယ်ဆိုတာ မတရားလှပါဘူး"လို့ ဆက်ပြောခဲ့ပါတယ်။
ဒီလာဖွန်တေက ဝေဖန်သူတွေကြောင့် သူ့ရဲ့ကစားသမားတွေ ပိုမိုစိတ်အားထက်သန်လာခဲ့ကြတယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
"ဝေဖန်ခံရတာကို ဘယ်သူမှမကြိုက်ကြပါဘူး" လို့ သူက ဆိုပါတယ်။
"ဒါက အမှန်တရား မဟုတ်လို့ သူတို့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့တယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့က အတိတ်မှာပြသခဲ့ဖူးသလိုပဲ အခုထက်ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်"
"သူတို့ ကြားရတဲ့ ဝေဖန်သံတွေက တစ်ခါတစ်ရံမှာ သူတို့ကို ပြန်လည်တုံ့ပြန်စေဖို့ တွန်းအားဖြစ်စေပါတယ်။ အသင်းက တကယ်ကို ပေးဆပ်ကစားတတ်ပြီး ထူးချွန်တဲ့ အရည်အသွေးတွေ ရှိနေလို့ ဒါဟာ ကောင်းမွန်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။"
"တကယ့်ကို ပရော်ဖက်ရှင်နယ် ဆန်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်မကြားချင်တဲ့ အရာအချို့လည်း ရှိနေပါတယ်။ ဒါကြောင့်လည်း ကျွန်တော် ဘာသတင်းအစီအစဉ်ကိုမှ နားမထောင်တာဖြစ်ပြီး အပြုသဘောဆောင်တဲ့ စိတ်ဓာတ်ကိုပဲ ထိန်းသိမ်းကာ အဲဒီလို ပြင်ပဆူညံသံတွေနဲ့ ဝေးဝေးနေဖို့ ကြိုးပမ်းနေတာပါ"လို့ ဆက်ပြောခဲ့ပါတယ်။
စပိန်အသင်းက အုပ်စု (H) မှာ လေးမှတ်ရရှိထားပြီး ဆော်ဒီအာရေဗျကတော့ နှစ်ပွဲကစားအပြီး တစ်မှတ်ရရှိထားပါတယ်။ စပိန်ရဲ့ နောက်ဆုံးအုပ်စုပွဲစဉ်ကတော့ လာမယ့် သောကြာနေ့မှာ ဥရုဂွေးအသင်းနဲ့ယှဉ်ပြိုင်ရမယ့် ပွဲစဉ်ဖြစ်ပါတယ်။